menu

Thursday 15 March 2012

တပေါင်းလ သဲပုံစေတီပွဲ




မြန်မာတို့၏ ၁၂ လရာသီပွဲ တော်များတွင် ပါဝင်သော သဲပုံစေတီပွဲကို တပေါင်းလပြည့်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေပင်လယ်ကမ်းခြေ၌ စည်ကားစွာ ကျင်းပခဲ့ပါသည်။ စစ်တွေမြို့၌ ရှစ်ကြိမ်မြောက် ကျင်းပသော ပွဲဖြစ်ပြီး မြန်မာတို့၏ ၁၂ လရာသီပွဲ တော်များတွင် ပါဝင်သော သဲပုံစေတီပွဲကို တပေါင်းလပြည့်နေ့တွင် ရခိုင်ပြည်နယ် စစ်တွေပင်လယ်ကမ်းခြေ၌ စည်ကားစွာ ကျင်းပခဲ့ပါသည်။ စစ်တွေမြို့၌ ရှစ်ကြိမ်မြောက် ကျင်းပသော ပွဲဖြစ်ပြီး ယခုနှစ်တွင် အလွန် စည်ကားခဲ့ပါသည်။ သဲပုံစေတီ တည်ဆောက်ရခြင်းသည် နောင်ပွင့်လာမည့် အရိမေတ္တေယျဘုရားအား မျက်မှောက်ဖူးတွေ့နိုင်စေခြင်း အကျိုးငှာ ရည်သန်၍ ပြုလုပ်ရခြင်းဖြစ်ပြီး ရှေးခေတ်က တည်းက ရခိုင်သားတို့ အနေဖြင့် ယုံကြည်ထားကြကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။ ယခုနှစ်တွင် ယခင်နှစ်များကထက် စေတီလာရောက်တည်ကြသူများ ပြားခဲ့သည်။ စေတီပေါင်း ၁၀၀ ကျော်ကို တည်ထားကိုးကွယ် ပူဇော်ခဲ့ကြသည်။ ညနေ ၅ နာရီခန့်၌သာ ပင်လယ်ဒီရေတက်လာသဖြင့် ပွဲတော်ပြီးဆုံးခဲ့ပါသည်။

မြန်မာတို့၏ ရာသီအလိုက် ကျင်းပသော ပွဲတော်တစ်ခုဖြစ်သည့် သဲပုံစေတီပွဲကို တပေါင်းလတွင် ကျင်းပလေ့ရှိသည်။ တပေါင်းလသည် ဆောင်းအကုန် နွေအကူး ကာလဖြစ်သဖြင့် ရွက်ဟောင်းကြွေ၍ ရွက်သစ်ဝေကြပြီဖြစ်သည်။ ပင်ယံထက်တွင် ဥသြငှက် တွန်သံကိုလည်း ကြားနေ ကြရပြီဖြစ်သဖြင့် သာယာသော ရာသီလည်း ဖြစ်ပါသည်။ ထိုလ၌ပင် သဲပုံစေတီပွဲတော်ကို မြန်မာနိုင်ငံ အနှံ့အပြားတွင် ကျင်းပလေ့ရှိသကဲ့သို့ အချို့သော ဒေသများတွင် သဲပုံစေတီပွဲ ကျင်းပခြင်းများ ပျောက်ကွယ်ခဲ့ပြီဖြစ်ပါသည်။

သဲပုံစေတီပွဲနှင့်ပတ်သက်ပြီး ကဗျာဆရာကြီးတစ်ဦးဖြစ်သည့် ကင်းဆရာ အသျှင်ဝရက အောက်ပါကဲ့သို့ စပ်ဆိုခဲ့သည်ကို တွေ့ရှိရပါသည်။
လ၀ါတပေါင်း၊ ခါချိန်ပြောင်းလဲ
ညီလောင်းပွင့်သော်၊ ဖူးအံ့မျှော်လျက်
မြင့်မော်သီတာ၊ သဲပြင်သာထက်
အံ့အာစလောက်၊ သျှစ်သောင်းမြှောက်၍
စိုက်ဆောင်းတင်းခွန်၊ ပန်းမလ်နီဖြူ
မြစ်လုံးဆူမျှ၊ ဇမ္ဗူမိုးပြင်
ပြိုကျင်မခန်း၊ ပီးလှူဒါန်း၏ . . .။   ။
သဲပုံစေတီပွဲနှင့် ပတ်သက်လျှင် ရခိုင်ပြည်နယ်အတွင်း မာန်အောင်မြို့နယ်တွင်လည်း ရှေးယခင်ကပင် ကျင်းပပြုလုပ်ခဲ့သည့် အထောက်အထားများကို တွေ့ရှိရပါသည်။ လက်ရှိတွင် အချို့သော မြို့နယ်များ၌ သဲပုံစေတီပွဲ ပြုလုပ်ခြင်းကို မတွေ့ရှိရကြောင်း လေ့လာချက်များက ဆိုသည်။ လွန်ခဲ့သော နှစ်အနည်းငယ်ကမှ စစ်တွေပင်လယ်ကမ်းခြေတွင် သဲပုံ စေတီပွဲကို ကျင်းပပြုလုပ်လာခဲ့ကြပါသည်။
ဖွေးဖွေးလှုပ် စည်ကားနေသော စစ်တွေပင်လယ်ကမ်းခြေသည် နေ၀င်ချိန်အလှနှင့် ပနံသင့်လှသည်။ ပင်လယ်ပြင်ကို မေးတင်ထားသော နေလုံးကြီးကလည်း နှုတ်ဆက်နေချေပြီ။ သောင်ပြင်တစ်လျှောက် အစီအရီ တည်ထားကြသော သဲပုံစေတီငယ်များမှာ ရှုမငြီးနိုင်စရာ။
သဲပုံစေတီပွဲများကို ကျင်းပကြလေ့ရှိရာတွင် ပင်လယ်နှင့် အလှမ်းဝေးလျှင် ဘုရားရင်ပြင်အနီး၊ စေတီတော်အနီးတို့၌ ပြုလုပ်ကြသည်။ မိမိတို့၏ဒေသမှ သမိုင်းဝင် စေတီပုထိုးများကို ပုံဖော်ပြုလုပ်ကြခြင်းကို နှစ်သက်ကြသည်။ စစ်တွေမြို့သည် ပင်လယ်ကမ်းခြေနှင့် မဝေးသဖြင့် ကမ်းခြေသို့ သွားရောက်ရန် လွယ်ကူသည်။ သဲပုံစေတီပွဲ လုပ်သည်ဆိုလျှင် ကမ်းခြေသို့ စုဝေးရောက်ရှိလာတတ်သည်။ နှစ်ကာလများစွာ ပျောက်ကွယ်နေခဲ့သော သဲပုံစေတီပွဲသည် ယခုအခါတွင် သက်ဝင်တွင် ကျယ်လာခဲ့ပြီဖြစ်သည်။
သဲပုံစေတီပွဲကို ရခိုင်တွင် 'သျှစ် သောင်းမြှောက်ပွဲ'ဟုလည်း ခေါ်ဆိုကြသည်။ နောင်ပွင့်လာမည့် အရိမေတ္တေိယျဘုရားနှင့် ဘုရားပေါင်းရှစ်သောင်းတို့အား မျက်မှောက်ဖူးတွေ့ခွင့် ရနိုင်ကြောင်း ယုံကြည်ထားကြသည်။ ပြည်နယ်တွင်းရှိ ထင်ရှားသော စေတီ၊ ပုထိုးများအား သဲဖြင့် ပုံဖော်ကြခြင်းမှာ စိတ်ဝင်စားဖွယ် ကောင်းလှသကဲ့သို့ စေတီတစ်ဆူနှင့် တူညီသော တံခွန်၊ ကုက္ကားများ မွမ်းမံထားပုံမှာ လှပတင့်တယ် လိုက်ဖက်ညီလှသည်။ လူကြီး၊ လူငယ်၊ လူလတ် အရွယ်စုံတို့သည် မိမိတို့နှစ်သက်ရာ စေတီပုထိုးများ၏ ပုံကို ထင်ရှားပီပြင်အောင် ပုံဖော်ကြလေ သည်။ စေတီအစစ်အမှန် မတည်နိုင် သော်လည်း သဲပုံစေတီတည်ဆောက် ကာ ကုသိုလ်ယူနိုင်ခြင်းသည်ပင် ထူးကဲသောပါရမီတစ်ခုဟုမှတ်ယူကြ လေ့ရှိသည်။
''စေတီအစစ်တစ်ဆူ တည်ဖို့ဆိုတာ မလွယ်တဲ့ကိစ္စမို့ အခုလို သူငယ်ချင်းတစ်သိုက်စုပြီး သဲပုံ စေတီတည်ကြတာပါ။ ဒီလိုတည်ခွင့် ရတာကိုလည်း အများကြီးဂုဏ်ယူဝမ်းမြောက်မိပါတယ်''ဟု လူငယ်တစ်ဦးက ပြောကြားသည်။ ယမန်နှစ်က သဲပုံစေတီပွဲတွင် ပါဝင်ဆင်နွှဲခဲ့ကြသော လူငယ်များ၏ အပြုံးများသည် ယခုတိုင် မျက်လုံးအိမ်ထဲက မထွက်သေးဟုခံစားမိသည်။ ဆိုင်ကယ်၊ ကား၊ စက်ဘီးများနှင့် လာရောက် အားပေးကြသော ပရိသတ်များထဲတွင် နိုင်ငံခြားသားအချို့ကိုလည်း တွေ့ရသည်။ လာရောက် မှတ်တမ်းတင်ကြသည်။ ဧည့်သည်လမ်းညွှန် များမှတစ်ဆင့် သိလိုသည်များကို မေးမြန်းကြသည်။
အချို့သော ပန်းပုဆရာများက လည်း သဲပန်းပုများကို ထုဆစ်ကြသည်။ ယင်းသို့ထုဆစ်ရာတွင် ပင်လယ်ပြင်သို့ လက်အုပ်ချီနေသော ရေသူမ၏ ပုံကဲ့သို့ နှစ်သက်ရာ ပုံဖော်ကြသည်။  ပန်းပုပညာရှင်များ၏ ပန်းပု လက်ရာများသည် အချိန်နှင့်တစ်ပြေးညီ လျင်မြန်လှသည်။ သေသပ်လှသည်။ သုံး၊ လေးနာရီအတွင်း ကြီးမားသော သဲပန်းပုများကို ထုဆစ် ပုံဖော်ပြသ နိုင်ကြသည်။
ပုံမှန်ကမ်းခြေသို့ လာရောက် အပန်းဖြေကြသူများကလည်း သဲသောင်ပြင်ရှိ သဲပုံစေတီများ ပြုလုပ်နေကြသည်ကို စိတ်ဝင်တစား လာရောက် ကြည့်ရှုအားပေးကြသည်။ ပကာသန မပါသော ပွဲမို့ထင်သည်၊ အရောင်အသွေး၊ အနံ့၊ အသက်အရွယ် စုံကြသည်။ ဘ၀အတွက်၊ အနာဂတ်အတွက် ကုသိုလ်ကောင်းမှုပြုကြခြင်း ဖြစ်သဖြင့် တိုက်တွန်းရန်မလို၊ အသိတရားဖြင့် တည်ဆောက်သော သဲပုံစေတီများဖြစ်သဖြင့် ပိုမိုလှပနေသလားဟု ခံစားမိသည်။
တံခွန်၊ ကုက္ကား၊ သာသနာ့ အလံငယ်များဖြင့် အစီအရီတည်ဆောက်ထားကြသော သဲပုံစေတီငယ်များသည် ကမ်းခြေအလှနှင့် ပေါင်းစပ်လျှင် ပိုမိုထင်ရှား ပေါ်လွင်နေကြသည်။ နေ့စဉ်မြင်ကွင်းနှင့် မတူ ထူးခြားနေသည်မှာ အားရစရာ။ ကမ်းခြေမှ ပင်လယ်ပြင်ကို ရှိခိုးကန်တော့နေသော ရေသူမရုပ်လုံးမှာလည်း ရိုကျိုး သိမ်မွေ့လွန်းလှသည် ထင်ရ၏။ အောင်မြင်စွာ ထုဆစ်ခဲ့ကြသော သဲပုံစေတီများကို တစ်ခုပြီးတစ်ခု လိုက်လံကြည့်ရှုရင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသူများကလည်း မနည်းလှ။ နေမင်းကြီးသည် အနောက်ဘက် ပင်လယ်ပြင်ထဲသို့ တရွေ့ရွေ့ တိုးဝင်နေ ကြသည့်တိုင် ကမ်းခြေမှ မပြန်ကြသေး။

တဖြည်းဖြည်းတက်လာသော ပင်လယ်ဒီရေကလည်း သဲပုံစေတီငယ်များ၏ ခြေရင်းကို တိုးကပ်လာကြပြီ ဖြစ်သည်။ သဲပုံစေတီပွဲကို ဘုရားရင်ပြင် တစ်ခုခုတို့တွင် ပြုလုပ်မိပါက သဲများကို ခြေဖြင့်နင်းမိလျှင် အပြစ်ဖြစ်မှာ စိုးရသဖြင့် သီးသန့်ထားရသည်။ စေတီအဖြစ်သို့ ပြောင်းလဲသွား ပြီဖြစ်သော သဲများကို ဗုဒ္ဓဘာသာဝင်များက ရိုသေကြလေ့ရှိသည်။ ကမ်းခြေတွင်ပြုလုပ်ပါက ပင်လယ်ရေလှိုင်းများက အလိုအလျောက်တိုက် ဖျက်လိုက်ခြင်းသည် သဲပုံစေတီအဖြစ်မှ ကမ်းခြေသဲများအဖြစ် ဆေးကြောပြီးသားဖြစ်သွား၍ အများအတွက် အကုသိုလ်မဖြစ်တော့ပေ။

နေလုံးကွယ်ပြီ။ မကြာမီ အရှေ့ဆီမှ တပေါင်းလပြည့်ဝန်းကြီး ပေါ်ထွက်လာတော့မည်။ ရေလှိုင်းတို့သည် သဲပုံစေတီများကို တစ်ခုပြီးတစ်ခု ဖြိုဖျက်နေကြပြီဖြစ်သည့်တိုင် အိမ်ပြန်ဖို့ ခြေလှမ်းများ လေးလံနေတော့သည်။ သဲပုံစေတီပွဲ၏ မြင်ကွင်းတို့သည်လည်း အမြင်အာရုံထဲတွင် ပြန် မြင်ယောင်လျက်....။
EMG
`

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis